နာတာရှည်ချောင်းဆိုးရင် သတိထားပါ
လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ချောင်းမကြာခဏ ဆိုးဖူးကြတယ် မဟုတ်လား။ အအေးမိလို့ဖြစ်စေ၊ အစားမှားလို့ဖြစ်စေ၊ အစာစားရင်း စကားပြောမိလို့ဖြစ်စေ ချောင်းဆိုးတာဟာ ထူးဆန်းလှတဲ့ အရာတော့ မဟုတ်ပါဘူး။ ချောင်းဆိုးတိုင်းလည်း စိတ်ပူစရာ၊ စိုးရိမ်စရာတော့ မလိုပါဘူး။ ဒါပေမယ့် နာတာရှည်ချောင်းဆိုးနေရင်တော့ သတိထားရပါလိမ့်မယ်။
နာတာရှည်ချောင်းဆိုးတယ်ဆိုတာ ဘာလဲ?
သာမန်အားဖြင့် ချောင်းဆိုးတယ်ဆိုတာ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းထဲက ချွဲတွေ၊ ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေ၊ အမှုန်အမွှားတွေကို ရှင်းထုတ်တိုက်ခိုက်ပေးတဲ့ ဖြစ်စဥ်တစ်ခုပါပဲ။ ဒါပေမယ့် နာတာရှည်ချောင်းဆိုးနေရင်တော့ စိတ်ပူစရာ ရောဂါအခံတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
နာတာရှည်ချောင်းဆိုးတယ်ဆိုတာ လူကြီးတွေမှာ ရက်သတ္တ ၈ ပတ် (၂ လ)နဲ့အထက်နဲ့ ကလေးတွေမှာ ၄ ပတ် (၁လ)နဲ့အထက်ကြာအောင် ရက်ရှည်ချောင်းဆိုးတာကို ခေါ်တာပါ။
ရက်ရှည်ချောင်းဆိုးနေတဲ့အခါ အိပ်ရေးပျက်တာ၊ စိတ်မကြည်တာ၊ ချောင်းဆိုးရလွန်းလို့ ခေါင်းတွေပါကိုက်လာတာ၊ အန်တာစတဲ့ ပြဿနာတွေပါ ခံစားလာရတတ်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေ သောက်ပေမယ့်လည်း မသက်သာတဲ့အခါ ရောဂါကြီးကြီးမားမား ရှိနေတာလားတွေးပြီး စိတ်ပူပင်စိတ်ဓာတ်ကျတာတွေလည်း ဖြစ်လာပါလိမ့်မယ်။
နာတာရှည်ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေ
*နှာရည်တွေအရမ်းကျနေတာ- အအေးမိနှာစေးတာ၊ ထိပ်ကပ်နာဖြစ်နေတာမျိုးမှာ နှာခေါင်းထဲက အရည်တွေက လည်းချောင်းထဲကို ကျဆင်းလာပြီး ချောင်းဆိုးစေပါတယ်။
*ပန်းနာရင်ကြပ်ရှိတာ- ပန်းနာရင်ကြပ်နဲ့ ချောင်းဆိုးတာကတော့ အမြဲတွဲနေတတ်တာပါ။ ရာသီအကူးအပြောင်းနဲ့ အေးတဲ့ရာသီတွေ၊ ဓာတ်မတည့်တဲ့ အနံံ့တွေ၊ ဓာတုပစ္စည်းတွေ၊ ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့ပြီး ရင်ကြပ်ထတာနဲ့အတူ ချောင်းဆိုးတတ်ပါတယ်။
*ရောဂါပိုးဝင်တာ- နမိုးနီးယား၊ တီဘီအဆုတ်နာနဲ့ ကြက်ညှာချောင်းဆိုးလို ရောဂါပိုးတွေကလည်း ချောင်းဆိုးစေပါတယ်။
*GERD လို့ခေါ်တဲ့ အစာခြေရည်တွေ အပေါ်ပြန်တက်တဲ့ရောဂါ- အစာအိမ်ထဲက အစာခြေရည်အက်ဆစ်တွေက အစာရေမျိုကတဆင့် လည်ချောင်းထဲကို ပြန်ဆန်တက်တဲ့အခါ ချောင်းဆိုးတာပါ။
*နာတာရှည်လေပြွန်ကျဥ်းတဲ့ရောဂါ (COPD) ရှိတာ- ဆေးလိပ်သောက်တဲ့သူအများစုမှာ ဖြစ်တတ်ပြီး လေပြွန်မကြာခဏရောင်တာကြောင့် ချောင်းဆိုးတတ်ပါတယ်။
*သွေးတိုးကျဆေးတစ်မျိုးဖြစ်တဲ့ ACEI အုပ်စုဝင်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ်လည်း ချောင်းဆိုးနိုင်ပါတယ်။
အထက်ပါအကြောင်းရင်းတွေလောက် အဖြစ်မများပေမယ့်
• အဆုတ်ကင်ဆာရောဂါ
• အစာသီး၊ ရေသီးတာ
• ပန်းနာရင်ကြပ်ကြောင့်မဟုတ်တဲ့ လေပြွန်ရောင်ခြင်း
• Bronchiolitis လို့ခေါ်တဲ့ လေပြွန်ရောင်ရောဂါတွေကြောင့်လည်း ချောင်းဆိုးတတ်ပါတယ်။
နာတာရှည်ချောင်းဆိုးတဲ့အခါ
-နှာစေးပြီး နှာရည်တွေကျနေတာ
-သလိပ်မကြာခဏဟပ်တာ၊ သလိပ်အဖြူရောင် သို့မဟုတ် အဝါရောင်ပျစ်ပျစ်တွေ ထွက်တာ
-အသံဝင်တာ
-ရင်ဘတ်ထဲက ရွှီရွှီနဲ့မြည်နေတာ
-တချို့မှာ ချောက်းဆိုးသွေးပါတာ စတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။
ဆေးလိပ်စွဲသောက်ခဲ့ဖူးသူ သို့မဟုတ် လက်ရှိသောက်နေသူတွေမှာ ပိုအဖြစ်များပါတယ်။
ကုသဖို့အတွက် ဘာကြောင့်နာတာရှည် ချောင်းဆိုးတယ်ဆိုတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။
- ရင်ဘတ်ဓာတ်မှန်ရိုက်တာ
- ကွန်ပြူတာဓာတ်မှန်ရိုက်တာ
- သွေးစစ်တာ
- သလိပ်စစ်တာ
- အစာအိမ်မှန်ပြောင်းကြည့်တာ စသဖြင့် လူနာအခြေအနေပေါ် မူတည်ပြီး ရောဂါရှာဖွေဖို့အတွက် စစ်ဆေးရပါမယ်။
နာတာရှည်ချောင်းဆိုးနေခဲ့ရင် ဆေးမြီးတိုတွေ၊ စပ်ဆေးတွေနဲ့ ကုသဖို့မကြိုးစားပဲ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြသပြီး အကြောင်းရင်းကို ရှာဖွေကုသတာကသာ အကောင်းဆုံးပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်